ရေး နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနေမှုကို ရေးမြို့နယ် (ခေတ္တ) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကိုလတ်တို့က လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက် ရေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ရပ်ကွက်/ကျေးရွာအလိုက် မဲစာရင်းကပ်နှံထားရှိမှုနှင့် စပ်လျဉ်း၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေး ကိစ္စရပ်များနှင့် အများပြည်သူမဲစာရင်း လာရောက်ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားသည်။
ရေးမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးရာ၌ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃) ဖြင့် အမည်စာရင်းထည့်သွင်း တောင်းဆိုရမည်ဖြစ်ပြီး စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကာ မဲစာရင်းပါ အချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်း (ပြန်/ဆက်)