ကျိုင်းတုံမြို့၌ ဆီထွက်သီးနှံ နေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဆောင်းသီးထပ်စိုက်ပျိုးနိုင်‌‌ရေးအတွက် ဆီထွက်သီးနှံ နေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲကို နိုဝင်ဘာ ၂၁ ရက်က ကျိုင်းတုံတက္ကသိုလ်ရှေ့တွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်းနှင့် အဖွဲ့ဝင်-၂ ဦးမင်းညိုတို့က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက   ဒေသအတွင်း စားသုံးဆီလိုအပ်ချက် မြင့်မားလျက်ရှိသောကြောင့်  စားသုံးဆီ သုံးစွဲမှုဖူလုံစေရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားတိုးမြှင့်‌ရေးတို့အတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူတို့က ဆီထွက်သီးနှံ နေကြာမျိုးစေ့များကို စိုက်ပျိုးရေးတောင်သူများထံ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ ဆီထွက်သီးနှံ နေကြာမျိုးစေ့ လက်တွေ့သရုပ်ပြဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)