ပြင်ဦးလွင် နို၀င်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မင်္ဂလာမုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသော ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ “နိုင်ငံ့အကျိုးအတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clipအား ပြသခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် ပြင်ဦးလွင်မြို့နယ် မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးအောင်မြင်တို့က ကျောင်း စာကြည့်တိုက် အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်အဖွဲ့၀င်များ၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့၀င်များနှင့် တာ၀န်ရှိသူများသည် ပြခန်းများ၊ ပြိုင်ပွဲများ၊ သုတ၊ရသစာအုပ်များ ခင်းကျင်းပြသထားမှုနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ပျော်ပွဲ၊ရွှင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)