ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ၊ အာဆီယံအသိအမှတ်ပြု နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲသို့ တက်ရောက်၊ နိုင်ငံတော်အဆင့် သင်္ချာနှင့်အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် (၉)နာရီက စီတာပူရပ်ကွက်အတွင်းရှိ Hotel AUTUMN တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးခဲ့သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေး ဆရာအဖြစ်သင်တန်း (ASEAN National Trainer)ဆင်းပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ကချင်ဇုန်)၏ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းမင်း(အထွေထွေမန်နေဂျာ၊ Jade Garden Hotel)က သင်တန်းတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ဗီဒီယိုကလစ်ဖြင့် ရှင်းတင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုသင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံတိုင်ရင်းသားညီအစ်ကို မောင်နှမများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံးကို အသိပညာများဖြန့်ဝေခြင်း၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းအားဖြင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ပြည်နယ်ရန်ပုံငွေဖြင့် ဖွင့်လှစ်ခဲ့သည့် ဝန်ဆောင်မှုဆိုင်ရာသင်တန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရက်သတ္တပတ်(၃)ပတ်ကြာ ဖွင့်လှစ်ခဲ့ပေးခဲ့သော ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၃)မျိုးဖြစ်သည့် ဧည့်ကြို(Front Office)၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး (House Keeping)၊ အစားအစာနှင့် အဖျော်ယမကာ(ဝန်ဆောင်မှု) (Food & Beverages (service)) အခြေခံသင်တန်းများတွင် တက်ရောက်သည့် သင်တန်းသား/ သင်တန်းသူ (၁၆၃)ဦးတို့နှင့် အာဆီယံ အသိအမှတ်ပြုနိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ်သင်တန်း တက်ရောက်သူ(၁၀)ဦးတို့အား သင်တန်း ဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နိုင်ငံတော်အဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသော ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ပြည်နယ်၏ဂုဏ်ကိုဆောင်နိုင်အောင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သားငယ်/ သမီးငယ်များ၏ အောင်မြင်မှုကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအားလုံးကိုလည်း အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရှိခဲ့သော ကျောင်းသး/ကျောင်းသူ(၂)ဦးတို့အား ချီးမြှင့်ငွေကျပ်သိန်း(၂၀)၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ကျောင်းသူတစ်ဦးအား ချီးမြှင့်ငွေကျပ် (၇)သိန်းနှင့် လေ့ကျင့်သင်ကြားပေးခဲ့သော ကျောင်းများနှင့် ကြီးကြပ်ဆရာ၊ ဆရာမ(၂)ဦးတို့အတွက် စုစုပေါင်းချီးမြှင့်ငွေကျပ်(၅)သိန်းကို ပေးအပ်ချီးမြှင့်ရာ ပထဆုရ မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်းမှ Grade-8 ကျောင်းသူ မနံ့သာရွှေရည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)