နောင်မွန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ

နောင်မွန်း နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏အမည်စာရင်း ပါမပါသိရှိနိုင်ရေး လာရောက်ကြည့်ရှုကြပါရန် လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာ‌ပေးနိုး‌ဆော်ခဲ့ကြသည်။

နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စုရှိ ကျေးရွာပေါင်း (၅၃) ရွာတွင် မဲရုံပေါင်း (၂၁) ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မြို့နယ်လုံးကျွတ် လာရောက်မဲပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)