မူဆယ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဒေသခံပြည်သူများအား လူကုန်ကူးမှု/ လူမှောင်ခိုကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်နယ်မြေ၊ ဆင်ဖြူဈေးကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Operation STORM MAKERS III ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းများအစီအမံပါ လုပ်ငန်းစဉ်များထဲမှ လူကုန်ကူးမှု/ လူမှောင်ခိုကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အမှတ် (၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးမင်းနိုင်က လူကုန်ကူးမှုအကြောင်းအရာများ၊ လူမှောင်ခိုကူးမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူ ၆၅ ဦးကို လူကုန်ကူးမှုဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။အလားတူ ဟောပြောပွဲများကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မူဆယ်မြို့ပေါ်ရပ်ကွက်များ၊ ကားကြီးကွင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်များရှိ ဒေသခံပြည်သူများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲများသို့ ခရိုင်/မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့စု၊ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့စိတ်၊ မူဆယ်ခရိုင်ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စိတ်နှင့် အမှတ်(၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါရက်များအတွင်း ဒေသခံပြည်သူ (၂၂၃၃)ဦးသိကို အသိပညာပေးဟောပြောပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေနိုင်ခဲ့ကြောင်းသိရသည်။
ချယ်ရီမြေ(မူဆယ်)