ပူတာအိုခရိုင်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပူတာအို နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ(၂၁)ရက် နံနက် (၁၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ပထမအကြိမ်အနေဖြင့် မဲဆန္ဒရှင်စာရင်းစုစုပေါင်း(၅၈၁၇၆)ဦးအား ကပ်ထားကြေညာခဲ့ပြီး ဒုတိယအကြိမ်တွင် ပုံစံ-၃၊ ပုံစံ-၃(က)၊ ပုံစံ-၃(ခ)၊ ပုံစံ-၄၊ ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်စိစစ်ခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါပူးပေါင်းစိစစ်ခြင်းများ ဆောင်ရွက်ခဲ့သည့် မဲဆန္ဒရှင်စာရင်း (၆၀၆၃၆) ဦးစာရင်းအား ကပ်ထားကြေညာခြင်းဖြစ်သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပူတာအိုမြို့ လုံးစွတ်၊ ကောင်ကထောင်၊ ဟိုခို၊ ပန်းလှိုင်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)