ကျောက်မဲနိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲ မြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ် နေရာများ၌ ယနေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ယခုဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကရပ်ကွက်၊ ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်း အမျိုးမျိုးကြောင့် အမည်စာရင်း မပါရှိသူများအနေဖြင့် ထပ်တိုးစာရင်းပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင် အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်းဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)