သီပေါ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယခုဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်းရှိ/မရှိ သိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက် ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နယ်မြေအလိုက်ထုတ်ပြန်ကြေညာပေးထားသော မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည် မဲစာရင်းတွင် ပါ/မပါ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာမဲဆန္ဒရှင်များ၏ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးစာရင်းပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါကပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူလျောက်ထားနိုင်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်