သထုံ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူများထံ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ရသည့်အကြောင်းနှင့် သထုံမြို့နယ်အတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနေမှုအခြေအနေများ၊ နေကြာစိုက်တောင်သူများအတွက် စိုက်နည်းပညာရပ်များ ကူညီထောက်ပံ့နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူများထံ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအလိုက် ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် သထုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၅ ရွာတို့၌ ဆီထွက်သီးနှံနေကြာ ဧကပေါင်း ၃၀၀၀ စိုက်ပျိုးနိုင်ရန်လျာပြီး အဆိုပါအခမ်းအနား၌ ရေဆင်းစပ်မျိုးနေကြာ(၁)၊ ဆင်းရွှေကြာ(၂) အထွက်တိုးနေကြာမျိုးသန့်တို့အား မြို့နယ်အတွင်းရှိ စံပြစိုက်ဧကပေါင်း ၁၂၀ အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်