မော်လမြိုင် နိုဝင်ဘာ ၂၁
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းနားကို မော်လမြိုင်မြို့၊ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက နိုင်ငံတကာရင်သွေးငယ်များ “တေးသီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးနှင့် ကာကွယ်စောင့်ရှောက်မှုပြုနိုင်ရေးအတွက် ကလေးသူငယ်အရေးကိစ္စအရပ်ရပ်များကို အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဥပဒေပါကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝ ခံစားခွင့်ရအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အရေးကိစ္စများကို လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ်များဟာ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံ့သားကောင်း ရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Vedio Clip ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေတင်ဆက်သွားသည့် ကလေးငယ် လေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများက တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်သွားသည့် ကလေးငယ်လေး များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၊ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်တွင် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး၊ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ် ဖံဖကျေးရွာရှိ မြေဧရိယာ (၃ဝ.၃၆) ဧကအပေါ် နို့စားနွား၊ မွေးမြူရေးဇုန် တည်ဆောက်ရန် အတွက် ဆောင်ရွက်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးဇုန်များ ဖော်ဆောင်ပေခြင်းဖြစ်ကြောင်း၊ စားကျက်မြေများတွင် ကျူးကျော်မှုများ မရှိစေရေးနှင့် လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးသွားမှာ ဖြစ်ကြောင်း၊ဇုန်အတွင်း သတ်မှတ်လျာထား ပြည့်မီအောင် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မွေးမြူရေးဇုန်နှင့် သက်ဆိုင်ခြင်းမရှိသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးကဏ္ဍထုတ်ကုန် အရည်အသွေးမြင့်မားကောင်းမွန်သည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ကောင်းမွန်စွာ စနစ်တကျလည်ပတ်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)