တာချီလိတ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အ.ထ.က(ဟောင်လိတ်) ကျောင်းသား၊ ကျောင်းသူများက “အ”အက္ခရာ အောင်ပါစေ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့(ခ)ဦးအေးမောင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်နှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့် အောင်မြင်ရေးအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အ.ထ.က(ဟောင်လိတ်) ကျောင်းသား၊ ကျောင်းသူများက “မလေးလက်ခတ်သံ” သီချင်းနှင့် “ထာဝရသစွာ”တေးသီချင်းများဖြင့် ကပြဖျော်ဖြေ၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှဌေးက စာပေဟောပြောကာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲစသည့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး အ.ထ.က(ဟောင်လိတ်) ကျောင်းသား၊ ကျောင်းသူများက “ရှမ်းရိုးမက အိုးစည်သံ”အကဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ခရိုင်(ပြန်/ဆက်)