မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို ကြည့်ရှုအားပေး

မော်လမြိုင် နိုဝင်ဘာ ၂၁

သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးအမှူးထား၍  ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှုနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် စက္ခုအလင်း ကျန်းမာရေးကုသိုလ်ပြုအလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိဌာန၌ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှ မျက်စိအမြင်အာရုံ ချို့ယွင်းသူများအား စက္ခုအလင်း ကျန်းမာရေး အလှူတော်အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိဝေဒနာရှင်များအား အဟာရမုန့်များ၊ ရေသန့်ဗူးများအား အခမဲ့ဝေငှပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပြီးသော မျက်စိဝေဒနာရှင်များအား မျက်မှန်များ တပ်ဆင်ပေး၍ ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကာ အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်ကုသပေးကြမည့် မျက်စိအထူးကု ဆရာဝန်ကြီးများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ​ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း နိုင်ငံတော်အတွက် အရေးပါသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လည်းကောင်း၊ ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များ၌ လည်းကောင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူမျာသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁) ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများအား စားသုံးသူရေးရာဦးစီးဌာနမှ  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြန်မာ့စီးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေး‌နေခြင်းအပေါ် ကြည့်ရှုအားပေး၍ အငြိမ်းစားဝန်ထမ်းများအား အဟာရမုန့်များ ဝေငှပေးခဲ့ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)