မိုးနဲ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်မြင့်လွင်ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကားကိုလည်းကောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမောင်ခိုင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းအထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများက သင်တန်းနည်းပြများထံ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ စက်ချုပ်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန်၊ ခေတ်မီဆန်းသစ်သော အဝတ်အထည်များချုပ်လုပ်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူ ၂၀ ဦးကို သင်တန်းနည်းပြဆရာမ (၂) ဦးဖြင့် ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)