ချောင်းဆုံ နိုဝင်ဘာ ၂၁
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုမှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ချောင်းဆုံမြို့နယ်မှ နိုင်ငံတော်အဆင့်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးအောင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ အဘိဓဇမဟာရဋ္ဌဂုရု မြစေတီရဲကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဩဝါဒခံယူခဲ့ကြသည်။ ဆက်လက်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဥက္ကဋ္ဌက အမှာစကားပြောကြားကာ တာဝန်ရှိသူများမှ နိုင်ငံတော်အဆင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး အဘိဓဇမဟာ ရဋ္ဌဂုရု မြစေတီရဲကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရေစက်ချ တရားတော်နာယူပြီးနောက် တာဝန်ရှိသူများမှ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် ချောင်းဆုံမြို့နယ်မှ မြန်မာဘာသာဖြင့် အငယ်တန်း(ပထမဆု)ရရှိသူ (၁)ဦး၊ မွန်ဘာသာဖြင့် အငယ်တန်း (ပထမဆု)(ဒုတိယဆု)(တတိယဆု) ရရှိသူ (၃)ဦး၊ မြန်မာဘာသာဖြင့် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့တွင် အထူးဆုရရှိသူ (၉)ဦးနှင့် မွန်ဘာသာဖြင့် အငယ်တန်း အထူးဆုရရှိသူ (၃)ဦး စုစုပေါင်း (၁၆)ဦး ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)