ငါ့သရောက် ဒီဇင်ဘာ ၂၉
ညောင်ဦးခရိုင် ငါ့သရောက်မြို့အနီးဝန်းကျင်ရှိကျေးရွာများ၌ လက်မှုပညာတစ်မျိုးဖြစ်သည့် ခုံဖိနပ် လုပ်ငန်း ကို မိသားစုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူ ၂ဝ ခန့်ရှိကြောင်း သိရသည်။
လုပ်သားတစ်ဦးလျှင်တစ်ရက်ပျမ်းမျှ ခုံဖိနပ်ဆိုဒ်စုံ ၁၈ ရန်မှ ၂၀ ရန်အထိ ပြုလုပ်နိုင်သည့်ပြင် ပြုလုပ်ပြီး ခုံဖိနပ်များကိုလည်း ဖောက်သည်လာရောက်ဝယ်ယူခြင်းများရှိနေသည့်အတွက် ငါ့သရောက်မြို့ အနီးဝန်း ကျင်ကျေးရွာများမှ ခုံဖိနပ် လုပ်ငန်း လုပ်ကိုင်ကြသူများ နေ့စဉ်ဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဆည်ကျေးရွာမှ ခုံဖိနပ်လုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ဝင်း ထံမှသိရသည်။
ခုံဖိနပ်များပြုလုပ်ရာတွင် လူကြီး၊ လူငယ်နှင့် ကလေးစီးဖိနပ် ဆိုဒ်စုံပြုလုပ်ရောင်းချပေးနေကြောင်း၊ ခုံဖိနပ်ပြုလုပ်ရန်အတွက် အသုံးပြုသည့်သစ်သားများမှာ တလုတ်မကျီးသား၊ ကုက္ကိုသား၊ သရက်သားနှင့် ဇီးသားများကို အများဆုံးအသုံးပြုကြလေ့ ရှိကြောင်း၊ ပြုလုပ်သည့်ခုံဖိနပ်များမှာ ဦးဝိုင်းခုံဖိနပ်နှင့် ပုံခေါက်ခုံဖိနပ်ဟူ၍ နှစ်မျိုးနှစ်စားပြုလုပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့နောက် ပြုလုပ်ပြီးခုံဖိနပ်အမျိုးမျိုးကိုလည်း အိမ်အထိ လာရောက်ဝယ်ယူသူများကို ခုံဖိနပ် တစ်ရံငွေကျပ် ၇ဝဝ နှုန်းဖြင့် ရောင်းချရသည့်အပြင် ညောင်ဦးမြို့နှင့် ပခုက္ကူမြို့များသို့လည်း ဖိနပ်ခုံ အနိမ့်အမြင့်ပေါ် မူတည်ကာ ဈေးနှုန်းကျပ် ၇၀၀ မှ ၁၀၀၀ ကျပ်အထိတင်ပို့ရောင်းချ နေရခြင်းကြောင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သည့် ခုံဖိနပ်လုပ်ငန်းမှာ မိသားစု စားဝတ်နေရေးအတွက် တစ်ရက်လျှင် ငွေကျပ် ၁၂၀၀၀မှ ၁၄ဝဝဝ ခန့်အထိရရှိကာ တွက်ချေကိုက်လျက်ရှိကြောင်း တစ်ပိုင် တစ်နိုင် ခုံဖိနပ်လုပ်ငန်းလုပ်ကိုင်သည့် ဦးဝင်းညွန့် ထံမှ သိရသည်။
ဖေလိန်း(ပုဂံ)