ပင်လုံ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဥာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများကျွမ်းကျင်တတ်မြောက်စေရန်၊ ပရိတ်သတ်အများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် စာပေများဖတ်ရှု့၍ အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ''အနာဂတ်လူငယ်နှင့်ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများက ''အနာဂတ်လူငယ်နှင့် ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" ခေါင်းစဉ်နှင့်ပတ်သက်ပြီး ဗဟုသုတများကိုသိရှိစေနိုင်ရန် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား/ကျောင်းသူ(၅)ဦးအား ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူတို့က ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ( ၁၉၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)