လားရှိုး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ ၃ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
အခမ်းအနားအား အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု အသီသီးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။
ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က ဂုဏ်ပြုလက်ဆောင်များအားလည်းကောင်း၊ အကအလှတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်သည်။
အဆိုပါ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဉာဏစွမ်းရည်ပြိုင်ပွဲအမျိုးအစားပေါင်း ၅ မျိုး၊ ကာယစွမ်းရည်ပြိုင်ပွဲအမျိုးအစားပေါင်း ၄ မျိုး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်းသိပ္ပံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး စသည့် ပြပွဲများနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)