တောင်ကြီး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) ကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်ကရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ပေးဖို့ (၃၀၀) ကို ခွင့်ပြုပေးရန် လျာထားပြီး၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၉၄၉) ခုကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) အစည်းအဝေးတွင် လုပ်ငန်းအသစ် လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း (၃၁) ခု၊ လူသုံးကုန်လုပ်ငန်း (၂၉) ခု၊ အဝတ်အထည်လုပ်ငန်း (၇) ခု၊ အိမ်သုံးကုန်လုပ်ငန်း (၁) ခု၊ စိုက်ပျိုးရေးလုပ်ငန်း (၁) ခု၊ကုန်ကြမ်းလုပ်ငန်း (၁) ခု၊ စက်မှုအလုပ်ရုံ (၁) ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၂) ခုနှင့် အထွေထွေလုပ်ငန်း (၁၇) ခု၊ စုစုပေါင်း (၉၀) ခုကို ဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးနိုင်ရန် ဝိုင်းဝန်းဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ထို့အပြင် မြင်းကောင်ရေ (၅) ကောင်အားနှင့် အောက်ရှိပြီးအလုပ်သမား (၉) ဦးထက်ပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား (၃) ဦးနှင့် အထက်ရှိသည့် လက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များထုတ်ပေးမှုနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးနှင့်ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး လုပ်ငန်းမှတ်ပုံတင်များကို ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)