ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တာချီလိတ်မြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်

တာချီလိတ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် နိုဝင်ဘာ ၂၀ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အထက(ဟောင်လိတ်)၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တက်ရောက်သည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ထို့နောက် အထက(ဟောင်လိတ်) ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့”သီချင်းသီဆို၍ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အလှူငွေနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး အထက(ဟောင်လိတ်) ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ”သီချင်း သီဆိုသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြပွဲ၊ ပြိုင်ပွဲများ၊ ပြခန်း၊ ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ ပွဲတော်တွင် လူငယ်စကားဝိုင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များက ဆန်းသစ်တီထွင် ဖန်တီးထားသည့် ဇီဝဗေဒ၊ သမိုင်းသင်ထောက်ကူပြခန်း၊ မြန်မာ၊ သင်္ချာ၊ ဓာတုဗေဒသင်ထောက်ကူပြခန်း၊ “ဘက်စုံဖွံ့ဖြိုး ပညာတိုး”ပြခန်း၊ သိပ္ပံ Project ၊ မြို့ပြ၊ ကျေးလက်နှင့် အိမ်တွင်းမှုပြခန်း၊ ပန်းချီနှင့် အနုပညာပြခန်းများ၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ ဂုန်နီအိတ်စွပ်၊ ခါးကွင်းလှည့်၊ အရုပ်ဆက်၊ စကားပုံဆက်၊ မြားပစ်၊ ဆေးရောင်ခြယ်၊ အရုပ်ခေါက်၊ ခွက်နင်းနှင့် ခုံဖိနပ်စီးပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)