တောင်ကြီးမြို့၌ (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၀

(၃၆) နှစ်မြောက် ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဌာနဆိုင်ရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကို ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိသားစုဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအားလုံးက ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်အားလုံး ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာ လက်လှမ်းမီ ခံစားရရှိရန်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်များ အပြည်အဝရရှိစေရန်နှင့် ကလေးငယ်တစ်ဦးချင်းအား နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက်နိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကို ပြသခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများနှင့် ပရဟိတဂေဟာများမှ ကလေးငယ်လေးများက နိုင်ငံတကာရင်သွေးငယ် သီချင်းကို စုပေါင်းသီဆိုဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ တောင်ကြီးမူလတန်းကြိုကျောင်းမှ ကလေးငယ်လေးများက သွေးချင်းတို့ရဲ့မြေ သီချင်းနှင့် ရှမ်းသီချင်းတို့ဖြင့်လည်းကောင်း၊ အေးသာယာ မူလတန်းကြို ကျောင်းမှ ကလေးငယ်လေးများက ဘုံကထိန်သီချင်းနှင့် ခမ်းအွီးသီချင်းတို့ဖြင့်လည်းကောင်း၊ အမျိုးသမီးပရဟိတဂေဟာမှ ကလေးငယ်လေးများက နောင်အင်းလေးသီချင်းဖြင့်လည်းကောင်း၊ စိတ္တသုခပရဟိတဂေဟာမှ ကလေးငယ်လေးများက အင်းလေးတိုက်တေးနှင့် မီးပုံးပွဲ သီချင်းတို့ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ကပြဖျော်ဖြေတင်ဆက်ကြသည့် ကလေးငယ်လေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရပစ္စည်းများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)