သီပေါ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့နံနက် ၉ နာရီက ပြန်လည်စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက သီပေါမြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ သီပေါဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း၊ ယခုအခါ သီပေါမြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ယနေ့မှစ၍ ဘဏ်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီး နိုင်ငံတစ်ဝန်းငွေလွှဲခြင်း လုပ်ငန်း၊ စာရင်းရှင်ဖွင့်သည့်လုပ်ငန်း၊ အငြိမ်းစားလစာထုတ်သည့် လုပ်ငန်း၊ငွေစုဆောင်းအပ်နှံခြင်းလုပ်ငန်း၊ ဒေသခံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်ထုတ်ယူခြင်း လုပ်ငန်း အစရှိသည့် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ရှေးဦးစွာ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နယ်မြေခံတပ်မတော်မှတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်း၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ သီပေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် တာဝန်ရှိသူများက သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများသည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေသည့်အခြေအနေများနှင့် သက်ကြီးရွယ်အို အငြိမ်းစားပင်စင်စား ဝန်ထမ်းများအား အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခြင်းကြောင့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ပင်စင်စားများက ဝမ်းသာပီတိဖြစ်နေကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်