ရပ်စောက်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရပ်စောက် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် သစ်တောကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးပြည့်ဖြိုး‌မောင်က သစ်တောထိန်းသိမ်းကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းများကိုလည်းကောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မီးဘေးအန္တရာယ်ကာကွယ်ခြင်း အကြောင်းအရာများနှင့် လက်တွေ့သရုပ်ပြခြင်းများကိုလည်းကောင်း ဟောပြောဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီ စိုက်ပျိုးထားသည့် အပင်များမှ ရှင်သန်မှုအကောင်းဆုံးအပင်များအား သစ်မျိုးအလိုက် ဆု‌များပေးအပ်ခြင်း၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာသင်ကျောင်း ရန်ပုံငွေများလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)