ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း နေထိုင်ကြပြီး၊ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရိကောလိပ်နှင့် ကောလိပ်ကျောင်းသား/ ကျောင်းသူများသည်၊ မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်၊ သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီကြိုတင်ဆန္ဒမဲပေးခြင်းကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်မဲပေးလျှက်ရှိရာ၊ ယနေ့ နံနက်ပိုင်းတွင် ၂၉ ဦး လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

“ကျွန်တာ်တို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ကတော့ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက် နိုဝင်ဘာ ၁၇ ရက်နေ့ကနေ နိုဝင်ဘာ၂၁ ရက်နေ့အထိ သက်ဆိုင်ရာပါတီကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ကျောင်းသားတွေ လွတ်လပ်စွာ ကြိုတင်မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်…”ဟု မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်မောင်က ပြောသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှနေ၍ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/ကျောင်းသူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်နှင့် မိမိတို့ နှစ်သက်ရာ ပါတီကိုယ်စားလှယ်လောင်းအား ဆန္ဒပြုရွေးချယ်နိုင်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၇ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကြိုတင်ဆန္ဒမဲပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျောင်းသားကတ်၊ ကျောင်းဝင်ခွင့်ကတ်များပြသပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူကာ၊ လွတ်လတ်စွာ ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ကြိုတင်မဲဆန္ဒပေးရန် သတ်မှတ်ထားသည့် နိုဝင်ဘာ ၁၇ ရက်နေ့မှ ယနေ့နံနက်ပိုင်းအထိ ကျောင်းသား/ကျောင်းသူ ၁၄၀ ဦး ကြိုတင်မဲများ လာရောက်ပေးထားကြပြီး၊ ဆက်လက်၍လည်း ကြိုတင်ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်လာရောက်လျက်ရှိကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)