လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီ၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှု လူသားတိုင်း အတွက် ကောင်းကျိုးပြုဆိုသည့် ဆောင်ပုဒ်အတိုင်း စာများများဖတ်ရန်လိုအပ်ကြောင်း ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရမည်ဖြစ်ကြောင်းနှင့် စာဖတ်ခြင်းက မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေကြောင်း အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလျက်ရှိသည်။ ထို့နောက်စကားပုံဆက်ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာ ကစားကြပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးလျက် ရှိသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ