ဒဂုံ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ) ရန်ကုန်မှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း (အစားအသောက်) ဦးဆောင်သောအဖွဲ့၊ ဒဂုံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်များဖြစ်သော ဒေါက်တာရွှေပြည် (TMO) နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အခွန်လွတ်ဈေးတွင် ရောင်းချနေသည့်အစားအသောက်နမူနာ (၂၀) ခုအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် အစားအသောက်နမူနာများအား သက်ဆိုင်ရာဌာနများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း (ပြန်ဆက်)