ကျိုက်ထို နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း ကျိုက်ပိ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသင်းနှင့်စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးတင်ထွေးတို့က အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.လ.ကကျိုက်ပိ Grade-9 မှ မောင်ထူးသူအောင်၊ မအိမ်မြတ်နိုးကျော်၊Grade-7မှ မောင်ဟိန်းမြတ်ကျော်၊ မသင်းသင်းသန့်တို့က လူငယ်နှင့်အောင်မြင်မှု၊ လူငယ်နှင့်ဘဝတန်ဖိုး၊ လူမျိုးမြင့်ဖို့စာဖတ်စို့၊ လူငယ်နှင့်ရှက်စိတ် စသည့်ခေင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးလှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)