ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ၂၀

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာရွှေဇင်အိ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုး၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဟိန်းအောင်နှင့် အတွင်းရေး ဒုတိယရဲမှူးကြီး အေးမြင့်နိုင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုဒ်ဦး ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသောအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ် ခဲ့သည်။

ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁)၊ အမှတ်(၃)၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ မြစ်သားမြို့ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ “နိုင်ငံ့အကျိုးအတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clipအား ပြသခဲ့သည်။

ထို့နောက် သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေကျပ် (၅)သိန်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေကျပ် (၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး ပြခန်းများ၊ ပြိုင်ပွဲများ၊ သုတ၊ရသစာအုပ်များ ခင်းကျင်းပြသထားမှုနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ ပျော်ပွဲ၊ ရွှင်ပွဲများတွင် ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

သက်မောင်၊ကျောက်ဆည်။