မူဆယ်မြို့တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲဆောင်ရွက်

မူဆယ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲကို မူဆယ်မြို့၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်လာရခြင်းအကြောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းဦးက မီးခိုးမြူငွေ့ဖြစ်ပေါ်လာခြင်းမှ လျှော့ချစေရန်၊ မြေဆီလွှာပျက်စီးမှုကို လျှော့ချနိုင်ရန်၊ ဓာတုဓာတ်မြေဩဇာများအသုံးပြုမှုကို ထိန်းချုပ်နိုင်ရန်၊ အပင်၏အမြစ်များကို မြေသားအတွင်း ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုစေရန်နှင့် စိုက်ပျိုးရေးတွင် အဓိကအသုံးပြုရမည့် မြေဩဇာအီးအမ်ဘိုကာရှိ ထုတ်လုပ်မှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က မီးခိုးမြူငွေ့အဓိပ္ပာယ်နှင့် မီးခိုးဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများနှင့် ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးဟိန်းက မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်တောအမျိုးအစားများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ သစ်ပင်ပျိုးပင်များ ဖြန့်ဝေပေးမှုအခြေအနေ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားပြီး အမှတ်တရလက်ဆောင်များ ပေအပ်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ