ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက ဆေးကုသမှုဆောင်ရွက်

ဒဂုံအရှေ့ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာချောစန္ဒာ ဦးဆောင်‌သော ကျန်းမာ‌ရေးအဖွဲ့က မျက်စိဝေဒနာရှင် (၁၃၃) ဦးအား အခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေးခြင်း၊ မျက်မှန်တပ်ဆင်ရမည့်လူနာ (၁၈) ဦးအား မျက်မှန်များ အခမဲ့ပြုလုပ်‌‌ပေးခြင်းများ ဆောင်ရွက်ပြီး ဗဟန်းအမျိုးသမီးဆေးရုံအုပ်ကြီးက မျက်စိရောဂါများနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောသည်။

အဆိုပါ ကွင်းဆင်းကု‌သမှုပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး‌ ဒေါက်တာသူရဇော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)