ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်စာအုပ်နှင့် မဲပေးစက် ကိုင်တွယ်ခြင်းဆိုင်ရာများအား စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချကြောင်း သိရသည်။
သင်တန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)