စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို  ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာကျော်က အဖွင့်အမှာစကား‌ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းနွယ်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပခဲ့ရာ စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိူးကျေးဇူးနှင့်ပတ်သက်သည့် ကဗျာများဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများသီးသီးချီးမြှင့်‌ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို‌ ကျောင်းသား၊ ကျောင်းသူ‌လေးများက လေ့လာကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းများကို ပျော်ရွှင်စွာကစားခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ