မုဒုံ နိုဝင်ဘာ ၁၈
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းတို့က ပွဲတော်မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၏ ပုံပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော၊ စကားရည်လု၊ ဆေးရောင်ခြယ်၊ စစ်တုရင်ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းယှဉ်ပြိုင်နေမှုများ၊ ဌာနဆိုင်ရာပြခန်း(၈)ခု၏ ခင်းကျင်းပြသထားမှု၊ စာအုပ်အရောင်းဆိုင်များ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ စာအုပ်၊ စာပေ ဝယ်ယူလေ့လာဖတ်ရှုနေမှုများ၊ ကာယဉာဏပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများသို့ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ စုပေါင်းကပြဖျော်ဖြေကြသည့် ကျောင်း(၇)ကျောင်းမှ အကအဖွဲ့(၇)ဖွဲ့ တစ်ဖွဲ့ချင်းစီကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲတော်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မုန့်အာဟာရနှင့် ရေသန့်များကို ဝေငှပေးခဲ့ကြသည်။
အဆိုပါကျောင်းခန်းမ၌ ဒုတိယပိုင်းအခမ်းအနား ဆက်လက်ကျင်းပရာ အ.ထ.က (၃) ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (၅)ကြိမ်ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့်ပွဲတော်သည် တတိယအကြိမ်ဖြစ်ကြောင်း၊ နိုင်ငံ၏ နောင်အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များကို စာအုပ်စာပေမှာ နှစ်သက်မွေ့လျော်ပြီး စာဖတ်သည့်ဓလေ့၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝပြီး အနာဂတ်မှာ တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတွေ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြပါ၊ ကျောင်းစာကိုလည်း ကြိုးကြိုးစားစားလေ့လာသင်ယူကြပါ၊ အသိပညာဗဟုသုတရမည့်စာပေများကို လေ့လာဖတ်ရှုကြ၍ နိုင်ငံ၊ ပြည်နယ်၊ မြို့နယ်အတွက် လူတော်လူကောင်းများ ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ငွေတံဆိပ်ဆုရ အ.ထ.က(ခွဲ) နိုင်လှုံကျောင်းမှ မမြဟေသာကိုမှ တယောလက်သံ၊ အ.ထ.က (ညောင်ကုန်း)ကျောင်းမှ သာယာဝပြောမွန်တို့ဌာနေ မွန်သီချင်း၊ မူ(လွန်)ကော့ခလွယ်ကျောင်းမှ အလှကမ္ဘာမြေ တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ကျပ်သိန်း(၅၀)အား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးသို့လည်းကောင်း၊ အ.ထ.က(၃)မုဒုံ ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသ စာအုပ်မျိုးစုံနှင့် ပွဲတော်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် မုန့်၊ ရေသန့်များအား မြို့နယ်ပညာရေးမှူးအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အလှူရှင်အသီးသီးမှလှူဒါန်းသည့် အလှူငွေများအားလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အ.ထ.က (၃) ကျောင်းသား၊ ကျောင်းသူများက "မြန်မာပြည်မှာစာပဒေသာဝေဆာစေ" သီချင်းဖြင့် ဖျော်ဖြေခဲ့ကြရာ လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ပါဝင်ကပြဖျော်ဖြေခဲ့သည့် ကျောင်းများမှ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယခုပွဲတော်သို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၅၀) မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)