ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုပွဲနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဆုတံဆိပ်အပ်နှံခြင်း အခမ်းအနားတက်ရောက်

စစ်တွေ နိုဝင်ဘာ ၁၈

မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုပွဲနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဆုတံဆိပ်အပ်နှံခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးတွင် ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ တန်ဆောင်မုန်းလဆန်း ၁၃ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ပြည်ထောင်စုနယ်မြေ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့ကို ပြည်နယ်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်ပြီး အဖွဲ့ဝင်(၉)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်း‌‌ဒေသကြီး၊ ပြည်နယ်(၁၅)ခုတို့ကလည်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရခိုင်ပြည်နယ်ကိုယ်စားပြု လေးရပ်ဝတီစင်တော်အမည်ဖြင့် ကုသိုလ်ယူပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ထိုသို့ယှဉ်ပြိုင်ခဲ့ရာတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းကအဖွဲ့လိုက် ချုပ်ရိုးချုပ်သားအ‌ကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြည်နယ်ကိုယ်စားပြု လေးရပ်ဝတီစင်တော်အသင်းသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် နောင်နှစ်များတွင်လည်း ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲများတွင် ဆုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုအတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး ဆုတံဆိပ်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းထံအပ်နှံခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင်ဆုရရှိခဲ့သော ပြည်နယ်ကိုယ်စားပြု လေးရပ်ဝတီစင်တော်အသင်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)