ပျော်ဘွယ် နိုဝင်ဘာ ၁၈
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယခုလို ပြိုင်ပွဲကျင်းပရခြင်းသည် မြို့နယ်အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ယခင်ကထက် ပိုမိုစွမ်းရည်ပြည့်ဝစေရေး၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို သိရှိလာစေရေး စသည့်ရွည်ရွယ်ချက်များဖြင့် ကျင်းပပေးနေခြင်းဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အဆိုပါကျောင်းတွင် မကြာမီကာလအတွင်း ပြုလုပ်မည့်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)