မိုင်းယောင်း နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ကိုယ့်ကိုယ်ကိုယုံကြည်မှုစာအုပ်မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုအကြောင်း၊ စာအုပ်ချစ်မြတ်နိုးသူ မပပဝင်းခင်က ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးအကြောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက ကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်နည်းအကြောင်း၊ စာအုပ်ချစ်မြတ်နိုးသူ မောင်နိုင်လင်းထွန်းက မြတ်နိုးရတဲ့ဒီရေဒီမြေအကြောင်း၊ စာအုပ်ချစ်မြတ်နိုးသူ မယုသဇင်ထွန်းက အသက်ရှည်ကျန်းမာအောင်နေနည်းအကြောင်းများအပါအဝင် ခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားကြသည်။
ထို့နောက် စာကြည့်တိုက်၊ စာအုပ်စာပေ၊ အသိပညာဗဟုသုတနှင့် စာအုပ်စာပေမှ ရရှိသည့် အသိအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း