မလှိုင် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် ရည်ရွယ်ကာ ကျောက်မှုန့်မြေဩဇာ၊ ရွက်ဖျန်းအားဆေးများအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်းကို နိုဝင်ဘာ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်က ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်းနေကြာသီးနှံလျာထားဧက (၁၄၃၈) ဧကနှင့် ဆောင်းကြက်သွန်နီလျာထားဧက (၅၇၀၀) ဧက လျာထားဆောင်ရွက်ခဲ့သည့် မလှိုင်မြို့နယ် ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆောင်းနေကြာ၊ ဆောင်ကြက်သွန်နီ စိုက်ပျိုးထားသောတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ကျောက်မှုန့်မြေဩဇာနှင့် ရွက်ဖျန်းအားဆေးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တောင်သူ(၄၇)ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)