စစ်တွေ နိုဝင်ဘာ ၁၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီရဲထွန်းအောင်သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုနှင့် အမ်ဗွီ ရွှေလမင်း(၅)သင်္ဘောဖြင့် ရေထွက်ပစ္စည်းများအား ရန်ကုန်မြို့သို့ တင်ပို့နိုင်ရန် ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရဲထွန်းအောင်သင်္ဘောမှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံး ဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီရဲထွန်းအောင် သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၇၆၉ ဒသမ ၆ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရွှေလမင်း(၅)သင်္ဘောဖြင့် ရေထွက်ပစ္စည်းများအား ရန်ကုန်မြို့သို့ တင်ပို့နိုင်ရန် ကုန်တင်ကုန်ချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်တွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအားအတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များက ကုန်ပစ္စည်းများရောက်ရှိလာမှုနှင့် ကုန်တင်ကုန်ချပြုလုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘ၊ ဆရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံပညာအဆင့်၏ နောက်ဆုံးမှတ်တိုင်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲသည် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ၊ သင်ကြားပေးသူ ဆရာ၊ ဆရာမများအတွက် အလွန်စိတ်ဝင်တစားမျှော်လင့် စောင့်စားရသည့် ရလဒ်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူစာရင်းအရ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၆၄)ဦးတွင် အောင်မြင်သူ(၅၅၀)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရာခိုင်နှုန်း ရရှိသည်ကို တွေ့ရကြောင်း၊ အောင်မြင်သူများတွင် (၄)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၄၇)ဦး ပေါ်ထွန်းလာခဲ့ကြောင်း၊ လုံခြုံရေးဖြစ်စဉ်များကြားတွင် ယခုကဲ့သို့ အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ကြသည့် ရခိုင်ပြည်နယ်ပညာရေးမိသားစုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုသည့် အကြီးမားဆုံးသော အထောက်အပံ့သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍကပါဝင်ကြောင်း၊ တစ်နည်းအားဖြင့် ပညာရေးဆိုတာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက် တစ်ဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်စွမ်း “ပန်းတိုင်”လည်းရှိရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ စိတ်ကူးများကို အလေးထားခြင်း၊ တို့၏ စွမ်းဆောင်နိုင်ရည်များကို အထူးဂရုပြုပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာရန် အထူးဂရုစိုက် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားပြသပေးရသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ရန် အထူလိုအပ်ကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာပေးပွဲတွင် မနှစ်ကထက်အရေအတွက် နှင့်အရေးအသွေးပါ တိုးတက်မြင့်မားသည့် ထူးချွန်လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ကြရန် ယခုကတည်းက လိုအပ်သည့်လုပ်ငန်းစီမံချက်များရေးဆွဲ အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ အခြေခံကျလှသည် အထက်တန်းကျောင်းများ၊ အထက်တန်း ကျောင်း(ခွဲ)များမှ ကျောင်အုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူများ၊ ခရိုင်ပညာရေးမှူးများနှင့် ပြည်နယ်ပညာရေးမှူးမှ တာဝန်ရှိသူများအားလုံးကိုမှာကြားလိုကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံတော်က အားကိုးအားထားပြုရသော သားကောင်း၊ သမီးကောင်း ရတနာများဖြစ်လာအောင် ကြိုးပမ်းအားထုတ်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက်တွေ့ဆုံပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ စစ်တွေတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ဝင်းဦးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးခြင်း၊ ဖြေဆိုခြင်းဆိုင်ရာကိစ္စများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများက ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးကတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)