သန်လျင် နိုဝင်ဘာ ၁၇
သန်လျင်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ခရိုင်အဆင့်ပွဲတော်ဖြစ်သည်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန်ဖြစ်ကြောင်း၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများအနေနဲ့ ကြိုးစားဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ပွဲတော်ကျင်းပမည့် အစီအစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြသည်။ ထို့နောက် သုံးခွမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက သုံးခွမြို့နယ်တွင် ဆောင်ရွက်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပမည့် အ.ထ.က(၁) ကျောင်းဝင်းအတွင်း လျာထားနေရာများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)