ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၉) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းနှင့် အမှတ် (၁၆၈) ရပ်ကွက်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေး၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ခိုင်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ချယ်ရီဖူးဝေတို့က အမျိုးသမီးများဆိုင်ရာ အကာအကွယ်ပေးထားသည့် အခွင့်အရေးနှင့် ဥပဒေများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)