သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၇

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးတွေကို နိုင်ငံအတွင်းသို့ လာရောက်စည်းရုံးပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်ကာ ရောင်းစားနေကြောင်း၊ ကျူးလွန်သူများကို အွန်လိုင်းကတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် ကျူးလွန်သူများလည်း တိုးတက်လာသည့် နည်းပညာများကိုအခြေခံပြီး စနစ်တကျဂိုဏ်းဖွဲ့ကာ ကျူးလွန်ပုံလမ်းကြောင်းပုံစံသစ်များနဲ့ ပြောင်းလဲကျူးလွန်လာသည်ကို တွေ့ရကြောင်း၊ ထိုနည်းတူစွာ ကလေးသူငယ်များကိုလည်း ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု လိမ်လည်ကာ လူကုန်ကူးမှုအန္တရာယ်နှင့် တွေ့ကြုံနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများအား ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)