မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲပြုလုပ်

မြောက်ဥက္ကလာပ နို၀င်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့ နံနက်ပိုင်းက စေတီတော်ကြီး ဂေါပကအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲကိုပြုလုပ်ရာ ပင့်ဖိတ်ထား‌သောဩဝါဒါစရိယဆရာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ မြို့နယ်သာသနနုဂ္ဂဟအသင်း၊ မြို့နယ်ဥပဌာကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ မြို့နယ်သာသနာ‌‌ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး၊ မယ်လမုအဘိဓမ္မပြန်ပွားရေးအသင်းဥက္ကဋ္ဌ၊ ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ ကနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ နိုင်ငံတော် ဩဝါဒါစရိယ ဓမ္မရောင်ခြည် ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်နှင့် တာ၀န်ရှိသူများက ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကြီး ကျင်းပနိုင်ရေးအတွက် ဘာသာရေးဆိုင်ရာကိစ္စများ၊ ပွဲတော်‌‌ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြလျှောက်ထားခဲ့ကြသည်။ ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား စေတီတော်ဂေါပကနှင့် အဖွဲ့၀င်များကန၀ကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများမှ ဩဝါဒခံယူခဲ့ကြကာ ဆရာတော်ဘုရားထံမှ ရေစက်ချ တရားနားကြား၍ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့သည်။

အဆိုပါ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်ကာ မဟာပဌာန်းကျမ်းမြတ်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် ၁၀၉ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာ ပွဲတော်ကာလအနေဖြင့် (၂-၁-၂၀၂၆)ရက် နေ့မှ (၁၂-၁-၂၀၂၆)ရက်နေ့ထိ ဆယ်ရက်တိုင်တိုင် အစဉ်အလာမပျက် စည်ကားသိုင်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)