မိုင်းယောင်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အမှတ်(၂)ရပ်ကွက် ကြောင်ကျိုက် ဘုန်းကြီးကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီခွဲက ကြောင်ကျိုက်ဘုန်းကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဌိတိပညော၏ ဥတုဇရုပ်ကလပ်တော်အား ထီးတော်ဖွင့်ကတ္တီ ပါလွှမ်း သံဝေဂကထာပွားများ ရေစက်ချအလှူတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် သံဃာတော်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ တပ်နယ်၊ တပ်ရင်းများမှဝတ်ရွတ်အဖွဲ့များ၊ ထွေ/အုပ်ဝတ်ရွတ်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနများ၊ စုစုပေါင်းအင်အား ၉၀ ဦး တက်ရောက်ပူဇော်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မိုင်းဟန်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် သံဃာတော်များက ဝမ်းနည်းကြောင်း သံဝေဂမှတ်တမ်းလျှောက်ထားဖတ်ကြားသည်။
ဆက်လက်၍ ကြောင်ကျိုက်ကျောင်းဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဥပသကာ လေးဦးက ထီးတော်ဖွင့်မိုးပူဇော်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ကတ္တီပါလွှမ်းပူဇော်ကာ မိုင်းဟန်ကျောင်းဆရာတော်က အစ္စယောမံဘန္တေ အစချီသော ပစ္ဆိမဝန္ဒနာဂါထာဖြင့် ဆရာတော်ကြီးအား နောက်ဆုံးကန်တော့ပူဇော်သည်။
ထို့နောက် ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ နာယူပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မိုင်းဟန်ကျောင်းဆရာတော်ထံမှ ရေစက်ချတရား နာကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း