ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် တက္ကသိုလ်ကျောင်းသားများ မဲပေးနိုင်ရေးအတွက် စာရင်းပြုစု ရမည့်အပိုင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးရအောင် မဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်ထည့်မည့် မဲပုံများ၊ ကြိုတင်မဲလက်မှတ်ထုတ်ပေးမည့်အခြေအနေများ၊ မဲစာရင်းကိစ္စ ဆောင်ရွက်ရမည့်လုပ်ငန်း၊ ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အသီးသီးမေးမြန်း ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)