ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ (MEVM) မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာ(၁၃)ရက် နံနက်(၉)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် (MEVM) မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်နွဲ့နွဲ့ခိုင်၊ အဖွဲ့ဝင် ဦးမြင့်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲပေးစက်တွင်ပါဝင်သည့် ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးမှုအားဖော်ပြသည့်စက်များအကြောင်းနှင့် ခရိုင်နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဒေါ်ဥမ္မာက ဆန္ဒမဲပေးရာ၌ အချိန်ကြာမြင့်ချိန်မဲပေးစက်မှဖော်ပြသည့် ဆန္ဒပြုဖြတ်ပိုင်းနှင့် မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နာက် အခမ်းအနားသို့တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းပြောခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)