စစ်တွေ နိုဝင်ဘာ ၁၆
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဲချောင်းကျေးရွာရှိ မရာမာကြီး ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကာ ကျောင်းတိုက်အတွက် ဆိုလာမီးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်း(ရခိုင်)ကျေးရွာရှိ သဲချောင်းကျောင်းသစ် ဆရာတော်အား ဖူးမြော်ကာ ဆိုလာမီးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်း(ရခိုင်)ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး၌ IDP စခန်းများမှ စခန်းတာဝန်ခံများနှင့်တွေ့ဆုံကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စခန်းတာဝန်ခံများအနေဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး၊ စခန်းများနှင့် ဈေးများ သန့်ရှင်းသာယာရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆေင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စသည့်ကဏ္ဍများအား ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ၏ လိုအပ်သောကိစ္စများကို ဤရုံးတွင်စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာပေါင်းစုံဖြင့် ဖွဲ့စည်းတာဝန်ပေးကာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အလားတူ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများရှိ လူဦးရေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ဆောင်မှုအခြေအနေများကိုသိရှိပြီး ဌာနဆိုင်ရာများက လုပ်ဆောင်ပေးရမည့် အခြေအနေများကိုသိရှိနိုင်ရန် ရုံးဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စခန်းတာဝန်ခံအနေဖြင့် မိမိတို့စခန်းနှင့်ပတ်သက်၍ လိုအပ်ချက်များ လုပ်ဆောင်ရမည့် အချက်များကို ယခုရုံး တွင်လာရောက်ပြီး အချိန်တိုအတွင်း လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း၊ စခန်းတာဝန်ခံများအနေဖြင့် စခန်းတွင်နေထိုင်ကြသူများ တရားဥပဒေစိုးမိုးရေး၊ စခန်းသန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ရာ ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူကျန်းမာရေးကိစ္စများ၊ မီးဘေးလုံခြုံရေးကိစ္စများကိုလည်း အထူးဂရုပြုနေထိုင်နိုင်ရေး စည်းရုံး ဟောပြောသွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများကလည်း ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စခန်းတာဝန်ခံများက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စားသောက်ဖွယ်ရာများကို ပေးအပ်ကြရာ စခန်းတာဝန်ခံများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)