ဒဂုံအရှေ့ နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများ လေ့လာဖတ်ရှုကြရန်၊ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများအား ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာယှဉ်ပြိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ