နေပြည်တော် နိုဝင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အမျိုးသားနေ့တို့မမေ့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ် သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖတ်ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများပေးအပ်ခဲ့ပြီး တက်ရာက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)