မန္တလေးတိုင်းဒေသကြီးအဆင့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ချမ်းအေးသာစံ  နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီးအဆင့် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမှတ်(၁၆)နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက နောင်အင်းလေးသီချင်း၊ လက်ပံပွင့်ကောက်ကြမယ်သီချင်းနှင့် မြန်မာ့ကျောင်းသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားပြီးတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့များက ဆုရရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)