သာကေတ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဗိုလ်တစ်ထောင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအက၊ ကဗျာလွတ်အကတို့ဖြင့် ကြိုဆိုကြကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေး၀န်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး(ပညာ) ဦးမင်းဦး၊ ဗိုလ်တစ်ထောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ဘင်ခရာနှင့်ပန်းပွားအဖွဲ့များအား စည်ပင်သာယာရေးဝန်ကြီးက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာများ၏ အသိပညာပေးပြခန်းများ၊ အိမ်တွင်းမှုပြခန်း၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ်အရောင်းဆိုင်ရာ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားပြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေနှင့်စာပေဟောပြောမည့် စာရေးဆရာ ဦးကျော်ကျော်လှိုင်အား အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပွဲတော်တွင်ပါဝင်ဆင်နွဲသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်လက်ဆောင်များ ပေးဝေခဲ့သည်။
ဆက်လက်၍ ပွဲတော်လာ ကျောင်းသားလူငယ်များအား စာရေးဆရာကျော်ကျော်လှိုင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း ဟောပြောပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
သက်လွင်စိုး